ရက္ခိတသဇင်(ပီနန်)ရခိုင်လူငယ်အသင်း!

ဦးအောင်စိန်သာ(၁၉၃၇-၂၀၁၂)

"ငှက်တိပျံယင်းနန့် သီဂတ်တေပိုင်၊ ငါလေ့ ငါ့လူမျိုးအတွက် လုပ်ယင်းနန့် သီလားဖို့" 
(ဦးအောင်စိန်သာ)
 


ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန် သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် ဦးအောင်စိန်သာကို ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စာရေးကြီးကျေးရွာ၌ ၁၉၃၇-ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့တွင် အဖ ဦးမောင်သာ၊ အမိ ဒေါ်လှမဖြူတို့ မှ မွေးဖွားခဲ့သည်။ စစ်တွေမြို့ မိဇံရပ်ကွက်တွင် မူလတန်းပညာ သင်ကြားခဲ့သည်။ စစ်တွေမြို့ အထက(၁)မှ ဒဿမတန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် (၁၉၅၇)ခုနှစ်မှ (၁၉၆၄)ခုနှစ်အထိ ပညာသင်ယူခဲ့ပြီး ၀ိဇ္ဖာဘွဲ့ ရရှိခဲ့ပါသည်။ ၁၉၆၀-၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသူ/သားများအသင်း အတွင်းရေးမှူး၊ ဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ် လူမျိုးစု ကျောင်းသားများ အတွင်းရေးမှူးအဖွဲ့ဝင်၊ သဘာပတိအဖွဲ့ဝင် အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ရခိုင့် တန်ဆောင် မဂ္ဂဇင်း (၁၉၅၈-၅၉)ခုနှစ်အထိ အတွင်းရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ ၎င်းမဂ္ဂဇင်းတွင် အင်္ဂလိပ် ဘာသာဖြင့် ဆောင်းပါးများ ရေးသားခဲ့သည်။ ၁၉၆၂-၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ လှုပ်ရှားမှု၌ ပါဝင်ခဲ့သဖြင့် ကျောင်းထုတ်ခံခဲ့ရသည်။

၁၉၆၃-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ရခိုင်ကျောင်းသားများ စုစည်း၍ ရခိုင်ပြည် ကွန်မြူနစ်ပါတီ၏ လက် နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ၁၉၆၇-ခုနှစ်မှ ၁၉၆၉-ခုနှစ်အထိ ချောက်မြို့နယ်၊ ကုန်သွယ်ရေးဌာန၌ ဌာနခွဲမန်နေဂျာအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉-မှ ၁၉၇၄-အထိ ပေါက်တောမြို့ နယ်၊ ကုန်သွယ်ရေးဌာန ဦးစီးမန်နေဂျာအဖြစ် ဆောင်ရွက်နေစဉ် ၁၉၇၇ ခုနှစ်တွင် သီးခြားရခိုင်ပြည် ဖွဲ့စည်း တည်ထောင်ရန် ကြံစည်မှုဖြင့် ထောင်ဒဏ်တစ်သက်တကျွန်း ချခံခဲ့ရပြီး ၁၉၈၀-ခုနှစ်တွင် လွတ်ငြိမ်းချမ်း သာခွင့် အမိန့်အရ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၈၄-မှ ၁၉၈၆-အထိ (Register Law) သင်တန်း ကို တက်ရောက် အောင်မြင်ခဲ့သည်။ ၁၉၈၈-ခုနှစ် လူထုဒီမိုကရေစီ အရေးတော်ပုံတွင် ရန်ကုန် မြို့နှင့် စစ်တွေမြို့တို့၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၈၉-ခုတွင် ရခိုင်ပြည်သူ့ ညီညွတ်ရေးပါတီ အထွေထွေ အတွင်းရေး မှူး တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀-ခုနှစ်၊ ရခိုင်ပြည်သူ့ဒီမိုကရေစီ တပ်ပေါင်းစု ဥက္ကဋ္ဌ တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။

၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် (DML,DIL) သင်တန်းများကို တက်ရောက်အောင်မြင် ခဲ့သည်။ ၂၀၀၈-ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်ခံသင့် မခံသင့်ဟု အငြင်းပွားနေချိန်၌ မြန်မာနိုင် ငံရေးတွင် ရခိုင်အမျိုးသားအတွက် စုစည်းညီညွတ်မှုနှင့် ရပ်တည်မှု ပလက်ဖောင်းတစ်ခု မဖြစ်မနေ လိုအပ် သည်ဟု အကြံပြုကာ ကိုယ်တိုင်လည်း ၂၀၁၀-ရွေးကောက်ပွဲတွင် RNDP ပါတီကို ကိုယ်စားပြု၍ ပြိုင်ဘက် များအား ယှဉ်ပြိုင်နိုင်ခဲ့ပါသည်။ မင်းပြားမြို့နယ် မဲဆန္ဒနယ်၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေး ချယ်ခံခဲ့ရပြီး လွှတ်တော်၌ ရခိုင်အမျိုးသားတို့၏ တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ မေးခွန်းများ၊ အဆိုများကို တင်သွင်း ဆွေးနွေးခဲ့သည်။ မင်းပြားမြို့နယ်အတွင်း လေးမြို့မြစ်ကမ်းပြိုခြင်း၊ စားကျက်မြေဆုံးရှုံးရခြင်း၊ လယ်ယာမြေ အသိမ်းခံရခြင်း ကိစ္စများ အပါအ၀င် အခြားရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် လွှတ်တော်တွင် တစိုက်မတ်မတ် တင်ပြတောင်းဆိုခဲ့ပါသည်။

ရခိုင်အမျိုးသား အကျိုးစီးပွားများအတွက် တာဝန်ထမ်းဆောင်နေရင်း (၂၀၁၂)ခုနှစ် ပထမအ ကြိမ် ပြည်ထောင် စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး တက်ရောက်နေစဉ် ကျန်းမာရေး အခြေ အနေကြောင့် နေပြည်တော်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၁-ရက်၊ ညနေ (၇း၂၀)နာရီတွင် ကွယ်လွန်သွားပါသည်။

ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ချစ်မဖြူနှင့် သားသမီး (၇)ဦး ကျန်ရစ်ခဲ့ပါသည်။

No comments:

Post a Comment

Blog Archive

ရက္ခိတသဇင်(ပီနန်)ရခိုင်လူငယ်အသင်း